မိမိတို့ ချစ်ခင်ရသူတွေ စိတ်ဓာတ်ကျနေရင် ဘယ်လိုဖေးမကူညီသင့်သလဲ?
မိမိတို့ ဘဝထဲက အရေးပါတဲ့ တစ်စုံတစ်ယောက် စိတ်ကျဝေဒနာ ခံစားနေရပြီလို့ သိလိုက်ရတာနဲ့ မိမိကိုယ်တိုင်ပါ ကူကယ်ရာမဲ့သလို ခံစားရတတ်ပါတယ်။ စိတ်ဓာတ်ကျရင် ဖြစ်တတ်တဲ့အမူအကျင့်တွေ သိရှိသဘောပေါက်ကာ မိမိတို့ရဲ့ ဂရုစိုက်မှုအချို့ကပင်လျှင် သူတို့အတွက် အားဖြစ်စေနိုင်ပါတယ်။
ဘယ်လိုအချက်တွေကို သတိထားစောင့်ကြည့်မလဲ?
လူတစ်ဦးနဲ့ တစ်ဦး လက္ခဏာတွေ ကွဲပြားနိုင်ပါတယ်။ ကလေးငယ်တွေကတော့ စိတ်ဓာတ်ကျရင် ဝမ်းနည်းတာထပ် ဆတ်ဆတ်ထိမခံ ပုံစံမျိုး ပြသလေ့ရှိပါတယ်။ လူကြီးများကတော့ ခံစားတုန့်ပြန်မှု ပိုများပါလိမ့်မယ်။
- ဝမ်းနည်းခြင်း၊ မျက်ရည်လွယ်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း
- အသေးအဖွဲကိစ္စကိုပင် ဒေါသထွက်လွယ်ခြင်း၊ ပေါက်ကွဲခြင်း၊ စိတ်ဆတ်ခြင်း
- နှစ်သက်ဖူးတဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားတော့ခြင်း (ဝါသနာ၊ အားကစား၊ ကာမကိစ္စ)
- အိပ်မပျော်ခြင်း (သို့) အလွန်အမင်းအိပ်ခြင်း
- ဘာမှ မလုပ်သည့်တိုင် အားအင်ကုန်ခမ်းသလို ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
- အစားအသောက်ပျက်၊ ဝိတ်ကျခြင်း (သို့) အလွန်အမင်းစားခြင်း၊ ဝိတ်တက်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- စဥ်းစားခြင်း၊ လုပ်ကိုင်လှုပ်ရှားခြင်းများ နှေးကွေးခြင်း
- မိမိကိုယ်ကို အပြစ်တင်ခြင်း၊ အတိတ်က ရှုံးနိမ့်မှုမှ ရုန်းမထွက်နိုင်ခြင်း
- အာရုံစိုက်၊ စဥ်းစားဆုံးဖြတ်၊ မှတ်မိဖို့ ခက်ခဲလာခြင်း
- အကြိမ်ကြိမ် သေခြင်းတရား အကြောင်း ပြောခြင်း၊ သတ်သေရန် ကြံစည်ခြင်း
- ခန္ဓာကိုယ်အစိတ်အပိုင်းများ အကြောင်းပြချက်မရှိ နာကျင်ခြင်း (ခေါင်းကိုက်၊ ခါးနာ) စတာတွေပါပဲ။
ဘယ်လိုနည်းလမ်းတွေနဲ့ ဖေးမကူညီကြမလဲ?
ကာယကံရှင်အနေနဲ့ မိမိကိုယ်ကို စိတ်ဓာတ်ကျနေကြောင်း သတိမထားမိဘဲ ပုံမှန်ခံစားချက်များဟု အထင်မှားနေတတ်သလို စိတ်ကျရောဂါရှိကြောင်း ဖော်ပြဖို့ ရှက်နေကာ မိမိတစ်ကိုယ်တည်း ကျော်လွှားဖို့ အားထုတ်နေတာ ဖြစ်တတ်ပါတယ်။
- စကားပြောကြည့်ပါ။ မိမိ သတိထားမိကြောင်း၊ သူ့အတွက် စိုးရိမ်ကြောင်း ပြောဆိုပါ။
- ဝေဖန်ထောက်ပြတာမျိုး မပြုလုပ်ဘဲ သူတို့ခံစားနေရတာ နားလည်ပေးနိုင်လောက်သည်အထိ စိတ်ပါဝင်စားစွာ နားထောင်ပေးပါ။
- လူတိုင်း ဘယ်သူမဆို ကြုံတွေ့တတ်ကြောင်း၊ စိတ်ဓာတ်ကျတာ ရှက်စရာမဟုတ်ကြောင်း၊ ကုသမှုနဲ့ ပြန်သက်သာနိုင်ကြောင်း ရှင်းပြပါ။
- တက်ကျွမ်းသော စိတ်အထူးကုပညာရှင်၊ ဆရာဝန်များထံ ပြသဖို့ တိုက်တွန်းပါ။
- မပြသခင် ဆွေးနွေးရန် မေးခွန်းများ သေချာပြင်ဆင်ပေးပါ။ အတူတကွ လိုက်လံပြသပေးပါ။ ကုသမှုခံယူစေဖို့ အားတိုက်သရော ပါဝင်ကူညီပါ။
- ဆရာဝန် ညွှန်ကြားထားသော ဆေးဝါးများ မပျက်မကွက်သောက်ဖြစ်အောင် တိုက်တွန်းပါ။ စားချိန်၊ ဆေးသောက်ချိန်ကို စနစ်တကျ သတ်သတ်မှတ်မှတ် တိုက်ပါ။ ရက်ချိန်းမှန်အောင် ပြသပေးပါ။
- သူ့အတွက် စိတ်ဖိစီးမှု နည်းပါးသော ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးပါ။ သူ့နှစ်သက်တတ်သော အရာများကို အတူတကွ ပါဝင်ပေးပြီး အချိန်တူတူ ကုန်ဆုံးပေးပါ။
သတိပြုအပ်သော စိုးရိမ်စရာအချက်များ
စိတ်ဓာတ်ကျနေတယ်လို့ သံသယရှိဖွယ်ရာဖြစ်နေတဲ့ မိသားစုဝင်တစ်ဦးတစ်ယောက်က အောက်ပါအတိုင်း ပြုမူနေပြီဆိုရင်တော့ မဖြစ်မနေ သတိထားဖို့ နှစ်သိမ့်ပေးဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
- ပြောတဲ့စကားထဲမှာ ‘’ ငါသေသွားရင် ကောင်းမှာပဲ ‘’ ‘’ငါက မွေးမလာသင့်ခဲ့တာပါ ‘’ ‘’ငါကိုယ့်ဘာကို သတ်ပစ်မယ် ‘’ စသည့်ဖြစ် ရံဖန်ရံခါ ပြောခြင်း
- သတ်သေရန် ကြံစည်နေခြင်း (ဥပမာ မသင်္ဃာစရာ ဆေးလုံးများ ဝယ်ထားခြင်း)
- တစ်ယောက်တည်းနေလိုကြောင်း ပြောကာ အဆက်အသွယ်များ ဖြတ်တောက်ခြင်း
- စိတ်အတက်အကျ အရမ်းများခြင်း
- အရက်နဲ့ ဆေးဝါးများ အလွန်အကျွံသုံးစွဲ ခြင်း
- အခြေအနေတစ်ခုမှာပဲ ပိတ်မိနေပြီး မျှော်လင့်ချက်မဲ့နေခြင်း
- မိမိကိုယ်ကို ပျက်စီးရာ ပျက်စီးကြောင်းများ ပြုလုပ်ခြင်း
- စားချိန်၊ အိပ်ချိန်များ ကမောက်ကမ ဖြစ်ခြင်း
- အကြောင်းအရာမရှိဘဲ ပိုင်ဆိုင်မှုများ ပေးပစ်ခြင်း
- အမူအကျင့်များ ပြောင်းလဲခြင်း
နောက်ထပ် မတွေ့တော့မည့်ပုံစံဖြင့် နှုတ်ဆက်စကားပြောခြင်း စသည်တို့သည် သေကြောင်းကြံစည်ဖို့ အလားအလာများဖြစ်သဖြင့် သေချာကြီးကြပ်ကွပ်ကဲမှု အထူးလိုအပ်ပါတယ်။ တစ်ယောက်တည်း ပစ်မထားဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. MMT